“သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး”
သုတေသန (Research) ဆိုသည်မှာ “တစ်စုံတစ်ခုကို ခြေခြေမြန်ဖြစ်ရန် စာတွေ့ခြင်း” ဟူ၍ ပညာရေးဝန်ကြီးဌာန၊ မြန်မာစာအဖွဲ့ဦးစီးဌာနက ထုတ်ဝေထားသည့် မြန်မာအဘိဓာန်(၂၀၁၃)တွင် အဓိပ္ပါယ်ဖွင့်ဆိုထားပါသည်။ “သုတေသန” စကားရပ်သည် ပါဋ္ဌိဘာသာစကားမှ ဆင်းသက်လာပြီး “သုတ”(အကြားအမြင်) နှင့် “သေနာ” (ရှာမှီးခြင်း) တို့ကို ပေါင်းစပ်ထားခြင်းဖြစ်ပါသည်။ အင်္ဂလိပ်ဘာသာ စကားဖြင့်ဆိုပါက Research ဖြစ်ပြီး ရှာဖွေခြင်း' ဟု အဓိပ္ပါယ်ရသည့် အလယ်ခေတ်ပြင်သစ်ဘာသာ စကား “Research” မှ ဆင်းသာလာခြင်းဖြစ်ကြောင်း မှတ်သားဘူးပါသည်။ ထို့ကြောင့် သုတေသန ဆိုသည်မှာ “အသိပညာများကို ရှာဖွေဖော်ထုတ်ခြင်း” ဟု ယေဘုယျမှတ်ယူနိုင်မည်ဖြစ်ပါသည်။
သုတေသနလုပ်ငန်းသည် တစ်ဦးတစ်ယောက်ချင်းမှသည် အဖွဲ့အစည်းတစ်ခု၊ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ် လိုအပ်သော လုပ်ငန်းတစ်ရပ်ဖြစ်ပါသည်။ စက္ကန့်နှင့်အမျှပြောင်းလဲ တိုးတက်နေသော ကမ္ဘာကြီးတွင် ခေတ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်ရန်အတွက် မည်သည့်ကဏ္ဍတွင်မဆို သုတေသနလုပ်ငန်းမှာ အရေးပါလျက်ရှိပါသည်။ ယနေ့ကမ္ဘာပေါ်တွင် ဖွံ့ဖြိုးတိုးတက်သောနိုင်ငံများသည် ၎င်းတို့၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ပညာရေး စသည်တို့အပါအဝင် ကဏ္ဍအသီးသီးတွင် သုတေသန ကောင်းစွာပြုလုပ်ကြသော နိုင်ငံများဖြစ်ကြောင်း တွေ့ရမည်ဖြစ်ပါသည်။
ဥပမာအားဖြင့် ပညာရေးကဏ္ဍကို လေ့လာကြည့်မည်ဆိုပါက ပြည်ပနိုင်ငံများရှိ တက္ကသိုလ်များ၏ အဆင့်အတန်းကို အကဲဖြတ်ရာတွင် ၎င်းတက္ကသိုလ်က ထွက်ရှိသော သုတေသနစာတမ်း/ လုပ်ငန်း များကိုပါ အဓိကအချက်အဖြစ် ထည့်သွင်းတွက်ချက်ကြောင်း သိရှိရပါသည်။ အလားတူပင် ပါမောက္ခ တစ်ဦး၏ အရည်အသွေးကို တိုင်းတာရာတွင် ၎င်းအနေဖြင့် သုတေသနစာတမ်း/ စာအုပ်ပေါင်း မည်မျှ ပြုစုထွက်ရှိပြီး ဖြစ်သည်ကို အဓိကမူတည်၍ ဆုံးဖြတ်လေ့ရှိပါသည်။ ထို့ကြောင့် ဆရာ/ ဆရာများ သည် သုတေသနဆိုင်ရာကိစ္စရပ်များကို အပြိုင်အဆိုင်ပြုလုပ်ကြသဖြင့် ၎င်းတို့တစ်ဦးချင်း၊ ထိုမှ သည် ၎င်းတို့ တာဝန်ထမ်းဆောင်လျက်ရှိသော ကျောင်း/တက္ကသိုလ်၊ ထိုမှတစ်ဆင့် နိုင်ငံတော်၏ ပညာရေးအခန်းကဏ္ဍအထိအဆင့်မြင့်မားလျက်ရှိကြောင်း တွေ့မြင်နိုင်ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက “သုတေသနလုပ်ငန်း” သည် နိုင်ငံတစ်နိုင်ငံအတွက် အရေးကြီးသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံများတွင် သုတေသနလုပ်ငန်းကိုအားပေးဆောင်ရွက်ကြသကဲ့သို့ မိမိတို့နိုင်ငံအတွက်လည်း အရေးကြီးသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်း” ၂ဝ၂၃ ခုနှစ်၊ ဇွန်လ ၁၄ ရက်တွင် ပြောကြားခဲ့ပါသည်။ ထို့ပြင် နိုင်ငံတော်၏ ပညာရေးကဏ္ဍ အဆင့်မြင့်မားလာစေရေးနှင့် သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် စေရေးတို့အတွက်ရည်ရွယ်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက “တိုင်းဒေသကြီးနှင့် ပြည်နယ် တစ်ခုချင်းစီတွင် ပါရဂူသင်တန်း ဖွင့်လှစ်သည့် တက္ကသိုလ် အနည်းဆုံးတစ်ခုရှိစေရေး” လမ်းညွှန်မှု ပြုထားမှုပြုထားကြောင်း သိရှိရပါသည်။
သုတေသနလုပ်ငန်းများ ထူးချွန်ကောင်းမွန်ခဲ့သဖြင့် မိမိနိုင်ငံ၊ လူ့အသိုက်အဝန်းတစ်ခုလုံးကို သာမက ကမ္ဘာကြီးကိုပါ အကျိုးကျေးဇူး ဖြစ်စေခဲ့ကြောင်း တွေ့မြင်နိုင်မည်ဖြစ်ပါသည်။ ယနေ့ လူမှုအသိုက်အဝန်းတွင် မရှိမဖြစ်အသုံးပြုနေရသော လျှပ်စစ်မီး၊ ဖုန်းမှသည် မော်တော်ယာဉ်၊ လေယာဉ်ပျံတို့အပါအဝင် ပစ္စည်းများသည် အလွယ်တကူပေါ်ပေါက်လာခဲ့ခြင်းမဟုတ်ဘဲ တစ်ဦး တစ်ယောက်ချင်းက သုတေသနကို မဆုတ်မနစ် ပြုလုပ်တီထွင်ခဲ့ခြင်းကြောင်း ပေါ်ပေါက်လာခဲ့သော အကြောင်းအရာများဖြစ်ကြပါသည်။ ကမ္ဘာပေါ်တွင် သုတေသနလုပ်ငန်းသာ မရှိခဲ့ပါက ယနေကဲ့သို့ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ကမ္ဘာကြီး ဖြစ်ပေါ်လာမည်မဟုတ်ဘဲ ကျောက်ခေတ်ကနေ ပြောင်းလဲ နိုင်မည်မဟုတ်ပေ။
သုတေသနရလဒ်မှထွက်ပေါ်ရရှိလာသော ရလဒ်များသည် အဖွဲ့အစည်းများက သုတေသန လုပ်ငန်းအပေါ် မည်မျှအားပေးထောက်ပံ့မှုအပေါ် များစွာမူတည်လျက်ရှိကြောင်းကိုလည်း သတိပြု ရမည်ဖြစ်ပါသည်။ ပညာရှင်အင်အားနှင့် ရန်ပုံငွေအင်အားတို့မှာ စဉ်ဆက်မပြတ် သုတေသနလုပ်ငန်း များ ဆောင်ရွက်နိုင်ရန်အတွက် အသက်သွေးကြောပင်ဖြစ်ရာ နိုင်ငံတော်နှင့် ဌာနအဖွဲ့အစည်းများက အားတက်သရော ဝိုင်းဝန်းထောက်ပံ့နေမှသာ အကျိုးဖြစ်ထွန်းသော ရလဒ်ကောင်းများ ထွက်ပေါ်နိုင် မည်ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ သုတေသနလုပ်ငန်းသည် အဖွဲ့အစည်းတိုင်း၊ နိုင်ငံတိုင်း၏ ဖြိုးတိုးတက်မှုအတွက် မရှိမဖြစ်အရေးပါသော လုပ်ငန်းတစ်ခုဖြစ်ပါသည်။ စဉ်ဆက်မပြတ်သော သုတေသနလုပ်ငန်းကို ဆောင်ရွက်နိုင်ခြင်းဖြင့် မိမိတို့အဖွဲ့အစည်းအလိုက်၊ နိုင်ငံအလိုက် နိုင်ငံတကာနှင့်ရင်ဘောင်တန်း နိုင်မည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။
(နေဟိန်း ၇-၁၂-၂ဝ၂၃)