ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ မြန်မာ့တပ်မတော်၏ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်လွှဲပြောင်းလက်ခံခြင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနား ကျင်းပပြုလုပ် (၃၀-၃-၂၀၂၆)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ မြန်မာ့တပ်မတော်၏ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်လွှဲပြောင်းလက်ခံခြင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျသီရိဗိမာန်၌ ကျင်းပပြုလုပ်သည်။

ဦးစွာ လက်ရှိမြန်မာ့တပ်မတော်၏ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန် ထမ်းဆောင်လျက်ရှိသည့် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန် လွှဲပြောင်းလက်ခံတာဝန်ထမ်းဆောင်မည့် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် စည်သူ ရဲဝင်းဦးတို့သည် ရှေ့ဆောင်အရာရှိနှစ်ဦး ဦးဆောင်၍ အခမ်းအနားကျင်းပမည့်နေရာသို့ ရောက်ရှိကြသည်။

ထို့နောက် လက်ရှိမြန်မာ့တပ်မတော်၏ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန် လွှဲပြောင်းလက်ခံတာဝန်ထမ်းဆောင်မည့် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် စည်သူရဲဝင်းဦးတို့သည် အလေးပြုခံစင်မြင့်တွင် နေရာယူကြပြီး ဂုဏ်ပြုတပ်ခွဲ၏ အလေးပြုခြင်းကို ခံယူသည်။

ထိုသို့ ဂုဏ်ပြုတပ်ခွဲ၏အလေးပြုခြင်းကို ခံယူနေချိန်တွင် ဂုဏ်ပြုအမြောက်တပ်ဖွဲ့မှလည်း အမြောက် ၁၉ ချက်ကို စစ်ရေးပြအခမ်းအနားဖြင့် ဂုဏ်ပြုပစ်ဖောက်သည်။

ထို့နောက် လက်ရှိမြန်မာ့တပ်မတော်၏ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်သည် ဂုဏ်ပြုတပ်ခွဲအား စစ်ဆေးသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်က ဂုဏ်ပြုမိန့်ခွန်းပြောကြားရာတွင် ယနေ့သည် တပ်မတော်ထဲကို စတင်ဝင်ရောက်ခဲ့သည့် ၁၉၇၄ ခုနှစ် အချိန်ကဆိုပါက ရာထူးတာဝန်အသီးသီး ထမ်းဆောင်ခဲ့သည်မှာ ၅၂ နှစ်ခန့်ရှိပြီဖြစ်ကြောင်း၊ လွန်ခဲ့သည့် ၁၅ နှစ်၊ ၂၀၁၁ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တပ်မတော်အကြီးအကဲများက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် ယုံကြည်စွာဖြင့် တာဝန်လွှဲပြောင်းပေးအပ်ခဲ့သည့် ယခုတာဝန်ကို ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ အကောင်းဆုံးဖြစ်အောင် ကျေပွန်စွာထမ်းဆောင်ခဲ့ကြောင်း၊ ဗိုလ်ချုပ်ကြီး နေဝင်းအပါအဝင် ခေတ်အဆက်ဆက် တပ်မတော်ခေါင်းဆောင်ကြီးများ မျှော်မှန်းတည်ဆောက်ခဲ့သည့်အတိုင်း အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သည့် ခေတ်မီမျိုးချစ်တပ်မတော်ကြီးဖြစ်အောင် ကြိုးပမ်းတည်ဆောက်ခဲ့ကြောင်း၊ ထိုသို့တည်ဆောက်သည့်နေရာတွင် ယခင်တပ်မတော်အကြီးအကဲများ၏ လမ်းညွှန်ဆုံးမဩဝါဒများ၊ ဖြတ်သန်းခဲ့ရသည့် ဘဝအတွေ့အကြုံများနှင့် ပေါင်းစပ်ပြီး အကောင်းဆုံးဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့်လည်း တပ်မတော်၏ စွမ်းရည်မြင့်မားရေး၊ နိုင်ငံတကာတပ်မတော်များနှင့် ရင်ပေါင်တန်းနိုင်ရေးတို့ကို အတိုင်းအတာတစ်ရပ်အထိရောက်အောင် မြှင့်တင်စွမ်းဆောင်ပေးနိုင်ခဲ့ကြောင်း။

ထို့အပြင် တပ်မတော် (ကြည်း၊ ရေ၊ လေ)၊ လက်ရုံးတပ်ဖွဲ့များအတွက် တိုးတက်ပြုပြင်ပြောင်းလဲမှုများစွာ ဆောင်ရွက်နိုင်ခဲ့ပြီး ဒီမိုကရေစီအစိုးရသက်တမ်းနှစ်ဆက်တွင်လည်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍများစွာ ပူးပေါင်းလက်တွဲဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်နေချိန်အတွင်း ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများစွာ ဖြစ်ပေါ်ခဲ့သည်ကို ဖြေရှင်းဆောင်ရွက်ပေးရန် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေးအပ်ထားသောတာဝန်နှင့်အညီ တပ်မတော်မှ အကြိမ်ကြိမ်ကြိုးစားခဲ့သော်လည်း ဖြေရှင်းမပေးဘဲ နိုင်ငံတော်အာဏာကို အတင်းအဓမ္မနည်းဖြင့် ရယူရန်ကြိုးစားခဲ့ကြောင်း၊ ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်ကို အရေးပေါ်အခြေအနေကြေညာခဲ့ပြီး နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကိုပါ ပူးတွဲထမ်းဆောင်ခဲ့ရကြောင်း၊ ထိုသို့ဆောင်ရွက်ခဲ့ရမှုသည် အားလုံးမျှော်လင့်မထားသည့် နိုင်ငံရေးအလှည့်အပြောင်းကြီးဖြစ်ကြောင်း၊ အဆိုပါကာလက နိုင်ငံတော်တွင် ကိုဗစ်-၁၉ ကပ်ရောဂါအပြင် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားခဲ့ပြီး ပြည်တွင်းဆူပူအုံကြွမှုမျိုးစုံ၊ ပြည်ပက သွေးထိုးလှုံ့ဆော်မှုမျိုးစုံနှင့် အခက်အခဲအကျပ်တည်းဆုံးအချိန်များကို ကြုံတွေ့ဖြတ်သန်းခဲ့ရကြောင်း၊ အဆိုပါအခက်အခဲများကို တပ်နှင့်ပြည်သူလက်တွဲပြီး အားလုံးစုစည်းညီညွတ်စွာဖြင့် အကောင်းဆုံး ကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ ယခုအခါ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို လွတ်လပ်ပြီးတရားမျှတသည့် ဂုဏ်သိက္ခာရှိသော ရွေးကောက်ပွဲအဖြစ် သန့်သန့်ရှင်းရှင်းအောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီဖြစ်သဖြင့် မကြာခင်အချိန်တွင် လွှတ်တော်မှ ရွေးချယ်တင်မြှောက်သည့် နိုင်ငံတော်သမ္မတဦးဆောင်သည့် အစိုးရသစ်ကို နိုင်ငံတော်တာဝန်များ လွှဲပြောင်းပေးနိုင်တော့မည်ဖြစ်ကြောင်း။

ထိုသို့ နိုင်ငံတော်တွင် ကြုံတွေ့ဖြတ်သန်းခဲ့သည့်အခြေအနေများတွင် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွဲဖက်အတွင်းရေးမှူး၊ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ တွဲဖက်အမှုဆောင်ချုပ်၊ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်အတွင်းရေးမှူး၊ တပ်မတော်စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်တာဝန်နှင့် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) တာဝန်တို့ကို တက်တက်ကြွကြွ ကျေကျေပွန်ပွန် ထမ်းဆောင်နိုင်ခဲ့သည့်အတွက် အထူးပင်ဂုဏ်ယူကြောင်း။

ထို့ကြောင့် ယခုလက်ရှိတာဝန်ယူထားသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်များကို ယနေ့တွင် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးထံကို လွှဲပြောင်းပေးအပ်လိုက်ပါကြောင်း၊ နိုင်ငံတော်၊ ပြည်သူလူထုနဲ့ တပ်မတော်၏အကျိုး၊ နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကျရာနေရာကနေ ဆက်လက်အကျိုးပြုလုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ တပ်မတော်ထဲ စတင်ဝင်ရောက်စဉ်ကတည်းက တွေ့ကြုံခဲ့ရသည့် တပ်မတော်ခေါင်းဆောင်များ၊ လုပ်ဖော်ကိုင်ဖက်များ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန် ထမ်းဆောင်ပြီးနောက် လက်တွဲလုပ်ဆောင်ခဲ့ကြသည့် လုပ်ဖော်ကိုင်ဖက်များအားလုံးကို အထူးကျေးဇူးတင်ရှိသည်ကို ပြောကြားလိုကြောင်း။

မျိုးဆက်သစ်တပ်မတော်ခေါင်းဆောင်များအနေနှင့်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့၏ ဦးဆောင်မှုအောက်တွင် တပ်မတော်၏တာဝန်များကို စုစည်းညီညွတ်စွာဖြင့် ကြိုးပမ်းဆောင်ရွက်ကြရန် ပြောကြားလိုကြောင်း၊ ကမ္ဘာတည်သရွေ့ မြန်မာတည်ရမည်၊ မြန်မာတည်သရွေ့ မြန်မာ့တပ်မတော် တည်ရှိရမည်၊ ကောင်းမြတ်သည့် တပ်မတော်၏ သမိုင်းအစဉ်အလာများကို ဆက်လက်ထိန်းသိမ်းပြီး နိုင်ငံတော်က အားထားရသော၊ ပြည်သူလူထုက အားကိုးရသော တပ်မတော်အဖြစ် ဆက်လက်ရပ်တည်သွားကြပါဟု ဆန္ဒပြုကြောင်းဖြင့်ပြောကြားသည်။

ယင်းနောက် စစ်ရာထူးခန့်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် ထိန်ဝင်းက ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် စည်သူ ရဲဝင်းဦးအား ကာကွယ်ရေးဦးစီးချုပ်ရုံး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးခန့်အပ်ကြောင်း ခန့်အပ်လွှာအား ဖတ်ကြားတင်ပြသည်။

ထို့နောက် လက်ရှိတပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန် ထမ်းဆောင်လျက်ရှိသည့် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန် လွှဲပြောင်းလက်ခံတာဝန်ထမ်းဆောင်မည့် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် စည်သူ ရဲဝင်းဦးထံသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အဆောင်အယောင်ဓားနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏အလံတို့ကို လွှဲပြောင်းပေးအပ်ပေးပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဦးစီးကွပ်ကဲမှုတံဆိပ်ကို တပ်ဆင်ပေးသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန် လက်ခံထမ်းဆောင်သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် စည်သူ ရဲဝင်းဦးက တာဝန်လွှဲပြောင်းပေးအပ်ခဲ့သည့် ယခင်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ ဂုဏ်ပြုအဆောင်အယောင်ဓားကို ဂါရဝပြု ပြန်လည်ပေးအပ်သည်။

ယင်းနောက် မြန်မာ့တပ်မတော်၏ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏တာဝန်များအား လွှဲပြောင်းလက်ခံတာဝန် ထမ်းဆောင်သည့် ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် စည်သူ ရဲဝင်းဦးက မိန့်ခွန်းပြောကြားရာတွင် လက်ရှိတပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ယူခဲ့သည့် ၁၅ နှစ်တာ ကာလအတွင်း ခေတ်မီတပ်မတော် (Standard Army) တည်ဆောက်ရေးလုပ်ငန်းစဉ်များကို စနစ်တကျအကောင်အထည်ဖော်လုပ်ဆောင်ခဲ့ပါကြောင်း၊ မိမိအနေဖြင့်လည်း တပ်မတော်ကို သမားရိုးကျစစ်ဆင်နွှဲနိုင်သည့်၊ တိုက်စွမ်းရည်နှင့်တိုက်စွမ်းအားရှိသည့် ခေတ်မီတပ်မတော်တစ်ရပ်အဖြစ် ရည်မှန်းချက်ထား ဖွဲ့စည်းတည်ဆောက်နိုင်ရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

တပ်မတော်အနေဖြင့် ခေတ်အဆက်ဆက်တွင် ဒို့တာဝန်အရေး (၃) ပါးကို အမျိုးသားရေးတာဝန်အဖြစ် ခံယူထားကြောင်း၊ နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားဖြစ်သည့် ဒို့တာဝန်အရေး (၃) ပါးကို ဆက်လက်ထိန်းသိမ်းကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်က အတည်ပြုပြဋ္ဌာန်းထားသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်) ကို ကာကွယ်စောင့်ရှောက်သွားမှာဖြစ်သကဲ့သို့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ “အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန်၊ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်ရန်၊ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို စောင့်ရှောက်ရန်” တာဝန်ပေးထားသည့်အတွက် ယခုတာဝန်များကို သစ္စာရှိရှိ ကျေပွန်စွာဖြင့် ဆက်လက်ကြိုးပမ်းထမ်းဆောင်သွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုနှင့်အတူ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူတစ်ရပ်လုံး၏လိုလားချက်ဖြစ်သည့် ဒီမိုကရေစီလမ်းကြောင်းကို ဆက်လက်လျှောက်လှမ်းနိုင်ရေးအတွက် တာဝန်များကို ထမ်းဆောင်သွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရ၏ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရာတွင် အပြည့်အဝပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ချမှတ်ထားသည့် “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” ဆိုသည့် ဆောင်ပုဒ်အတိုင်း လိုက်နာကျင့်သုံးပြီးတိုက်စွမ်းအားနှင့် တိုက်စွမ်းရည်ရှိသည့် တပ်မတော်ဖြစ်အောင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ “ပြည်သူသာ အမိ၊ ပြည်သူသာ အဖ” ဆိုသည့် မူဝါဒကို လိုက်နာပြီး တပ်နှင့် ပြည်သူတစ်သားတည်းဖြစ်အောင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အရပ်ဘက် - စစ်ဘက်ဆက်ဆံရေး တိုးတက်ကောင်းမွန်စေရန် တပ်တွင်း၊ တပ်ပြင်စည်းရုံးရေးကို အကောင်းဆုံးအကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

နိုင်ငံတော်နှင့် ခေါင်းဆောင်အဆက်ဆက်က အမြော်အမြင်ရှိရှိ ချမှတ်ထားခဲ့သော “မွန်မြတ်သည့် လက်ဆင့်ကမ်းအမွေကိုထိန်းသိမ်းပြီး တပ်မတော်နှင့် နိုင်ငံ့ဂုဏ်ကို ဆက်လက်မြှင့်တင်သွားကြရန်” ဆိုသည့် တိုက်တွန်းမှာကြားမှုကို အလေးအနက်လိုက်နာဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ တပ်မတော်၏ ကောင်းမြတ်သည့် သမိုင်းအစဉ်အလာများကို ဆက်လက်ထိန်းသိမ်းပြီး နိုင်ငံတော်က အားထားရသော တပ်မတော်၊ ပြည်သူလူထုက အားကိုးရသော တပ်မတော်ဖြစ်အောင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်ကို အလေးအနက်ထားပြောကြားလိုပါကြောင်း။

မိမိတို့အနေဖြင့် တာဝန်ထမ်းဆောင်ခဲ့သည့်ကာလတစ်လျှောက်လုံးတွင် ပေးအပ်သည့် အမိန့်နှင့်တာဝန်များကို ဦးလည်မသုန် ကျေပွန်စွာ ကြိုးပမ်းထမ်းဆောင်ခဲ့ပါကြောင်း၊ ယခုကဲ့သို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် ယုံကြည်စွာ တာဝန်ပေးအပ်ခဲ့သည့် တပ်မတော်အကြီးအကဲများကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ အထက်အကြီးအကဲများ၏ ယုံကြည်မှုနှင့် ထိုက်တန်စွာ နိုင်ငံတော်အကျိုး တပ်မတော်အကျိုးကို ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ ကြိုးပမ်းထမ်းဆောင်သွားမည်ကို ကတိပြုအပ်ပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်လွှဲပြောင်းပေးအပ်ခဲ့သည့် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်နှင့် တာဝန်လက်ခံထမ်းဆောင်သူ ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် စည်သူ ရဲဝင်းဦးတို့သည် ဂုဏ်ပြုတပ်ခွဲ၏ အလေးပြုခြင်းကို ခံယူပြီး ဂုဏ်ပြုတပ်ခွဲက စစ်ကြောင်းပုံပြု ချီတက်အလေးပြု၍ ပြန်လည်ထွက်ခွာသည်။

ယင်းနောက် မြန်မာ့တပ်မတော်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ တာဝန်များအား လွှဲပြောင်းပေးအပ်ခဲ့သည့် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏တာဝန်များအား လွှဲပြောင်းလက်ခံတာဝန်ထမ်းဆောင်သည့် ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် စည်သူ ရဲဝင်းဦးနှင့် ဇနီး ဒေါ်နီလာတို့သည် အခမ်းအနားတက်ရောက်လာကြသည့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ဖိတ်ကြားထားသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

၎င်းနောက် မြန်မာ့တပ်မတော်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏တာဝန်များအား လွှဲပြောင်းပေးအပ်ခဲ့သည့် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့သည် ကာကွယ်ရေးဦးစီးချုပ်ရုံး၊ ရုံးဌာနအသီးသီးမှ ဂါရဝပြုပေးအပ်သည့် အမှတ်တရလက်ဆောင်ပစ္စည်းများအား ကြည့်ရှုကြသည်။

ထို့နောက် မြန်မာ့တပ်မတော်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏တာဝန်များအား လက်ဆင့်ကမ်းလွှဲပြောင်းပေးအပ်ခဲ့သည့် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ လိုက်ပါလာသည့် မော်တော်ယာဉ်သည် ဇေယျာသီရိဗိမာန်မှ ပြန်လည်ထွက်ခွာရာ ဂုဏ်ပြုစစ်တီးဝိုင်း၏ ဂုဏ်ပြုတီးခတ်သီဆိုမှုနှင့်အတူ ဂုဏ်ပြုမြင်းစီးတပ်ဖွဲ့မှ လိုက်ပါချီတက်၍ စစ်ရေးပြအခမ်းအနားဖြင့် ပို့ဆောင်နှုတ်ဆက်ကြသည်။

ယနေ့ကျင်းပပြုလုပ်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ မြန်မာ့တပ်မတော် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်လွှဲပြောင်းလက်ခံခြင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားသို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီ မဟာသရေစည်သူ စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
မှီငြမ်း။ ပြန်ကြားရေးဝန်ကြီးဌာန

(၈၁) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား၌ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ပြောကြားသည့် မိန့်ခွန်း (၂၇-၃-၂၀၂၆)

ရဲဘော်တို့

ဒီနေ့ဟာ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်း ကြောင်းနဲ့အတူ ယှဉ်တွဲပေါ်ပေါက်လာတဲ့ ဒို့တပ်မတော်ရဲ့ (၈၁) နှစ်မြောက် တပ်မတော်နေ့ ဖြစ်တယ်။ တစ်နည်းအားဖြင့်ပြောရရင် နယ်ချဲ့စနစ်ကို တိုက်ထုတ်ပြီးခဲ့တဲ့နောက် ဒို့နိုင်ငံရဲ့ ပြည်သူတွေအပေါ်မှာ ဖိစီးနှိပ်စက်နေတဲ့ ဖက်ဆစ်ဝါဒီတွေကို တပ်မတော်နဲ့ပြည်သူပူးပေါင်းပြီး အောင်မြင်စွာ စတင်တွန်းလှန်ခဲ့တဲ့ ၁၉၄၅ ခုနှစ်၊ မတ်လ ၂၇ ရက်ကို ဂုဏ်ပြုတဲ့ နေ့ထူးနေ့မြတ်လည်းဖြစ်တယ်။ နိုင်ငံတော်နဲ့ တပ်မတော်အတွက် ဒီလိုထူးခြားလေးနက်တဲ့ တပ်မတော်နေ့မှာ ရဲဘော်တို့ကို သိသင့်သိထိုက်တာတွေ လေးလေးနက်နက် မှာကြားသွားမှာဖြစ်တယ်။

ရဲဘော်တို့

ဒို့နိုင်ငံဟာ ရှေးပဝေသဏီကတည်းက ကိုယ့်ထီး၊ ကိုယ့်နန်း၊ ကိုယ့်ကြငှန်းဖြင့် ကမ္ဘာ့အလယ်မှာ ခမ်းနားထည်ဝါစွာ ရပ်တည်ခဲ့တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တယ်။ ဒါပေမယ့် ၁၉ ရာစုအတွင်းမှာ အင်္ဂလိပ်တို့ရဲ့ အကြောင်းပြချက်အမျိုးမျိုးနဲ့ မတရားကျူးကျော်သိမ်းပိုက်မှုကို ခံခဲ့ရပြီး လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာ လက်လွှတ်ဆုံးရှုံးခဲ့ရတယ်။ ဒါကြောင့် ဆုံးရှုံးသွားတဲ့ လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာကို ပြန်လည်ရယူဖို့အတွက် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ ရဲဘော်သုံးကျိပ်တို့ဟာ ဂျပန်တွေထံမှာ စစ်ပညာသင်ကြားခဲ့ပြီး ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA) ကို စတင်ဖွဲ့စည်းပြီး နယ်ချဲ့အင်္ဂလိပ်ကို ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုနဲ့ တိုက်ထုတ်ခဲ့ကြတယ်။

အင်္ဂလိပ်တို့ ဆုတ်ခွာထွက်ပြေးသွားချိန်မှာ ဂျပန်တို့က လွတ်လပ်ရေးပေးမယ်ဆိုတဲ့ ကတိကိုပျက်ကွက်ခဲ့တဲ့အပြင် တပ်မတော်ကိုလည်း အင်အားလျှော့ချခဲ့တယ်။ နောက်ပိုင်းမှာ အတုအယောင်ရွှေရည်စိမ်လွတ်လပ်ရေးပေးခဲ့ပြီး ပြည်သူတွေအပေါ်မှာ မမျှော်လင့်ဘဲ ဆိုးရွားစွာ နှိပ်စက်မှုတွေပြုလုပ်လာခဲ့တာကြောင့် ဒို့တပ်မတော်အနေနဲ့ ၁၉၄၅ ခုနှစ်၊ မတ်လ ၂၇ ရက်မှာ သမိုင်းဝင်ဖက်ဆစ်တော်လှန်ရေးကြီးကို ပြည်သူလူထုနဲ့အတူ လက်တွဲဆင်နွှဲခဲ့ကြတယ်။ အဲဒီအချိန်ကစပြီး တပ်မတော်ဟာ မြန်မာနိုင်ငံကို တိုင်းတစ်ပါးအုပ်စိုးမှုအောက်မှ အပြီးတိုင်လွတ်လပ်ရေးရရှိအောင် ဆောင်ရွက်ပေးခဲ့တယ်။

လွတ်လပ်ရေးဆိုတာ အချုပ်အခြာအာဏာပိုင်ခြင်းဖြစ်ပြီး ဥပဒေပြုရေး၊ တရားစီရင်ရေးနဲ့ အုပ်ချုပ်ရေးဆိုတဲ့ အာဏာကြီး ၃ ရပ်ကို နိုင်ငံသားတိုင်းက ကိုယ့်တိုင်းပြည်အခြေအနေနဲ့ ကိုက်ညီအောင် လွတ်လွတ်လပ်လပ်ဆုံးဖြတ်ပြဋ္ဌာန်းပြီး စီမံဆောင်ရွက်ပိုင်ခွင့်ရှိမှုပဲဖြစ်တယ်။ ဒါကြောင့် အသက်၊ သွေး၊ ချွေး ဆုံးရှုံးမှုပေါင်းများစွာနဲ့ ရယူခဲ့တဲ့ လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာကို မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရမှာက ဒို့တပ်မတော်သားတွေအပါအဝင် နိုင်ငံသားအားလုံးရဲ့ မွေးရာပါသမိုင်းပေးတာဝန်ဖြစ်ကြောင်း ပြောကြားလိုတယ်။

ရဲဘော်တို့

ဒို့တပ်မတော်ဟာ လွတ်လပ်ရေးရပြီးစ အချိန်ကတည်းကစပြီး နယ်ချဲ့အင်္ဂလိပ်တို့ရဲ့ သွေးခွဲအုပ်ချုပ်မှုတွေကြောင့် သမိုင်းတစ်လျှောက် စုစုစည်းစည်းနေထိုင်ခဲ့ကြတဲ့ တိုင်းရင်းသားတွေရဲ့ အထင်အမြင်လွဲမှားမှု၊ နိုင်ငံရေးအယူအဆကွဲပြားမှုနဲ့ တိုင်းရင်းသားအရေးတို့ကို အခြေခံတဲ့ ပြည်တွင်းသောင်းကျန်းမှုတွေ ပေါ်ပေါက်လာပြီး ပူပူနွေးနွေးရရှိထားတဲ့ လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာကို ပြန်လည်မဆုံးရှုံးရစေဖို့အတွက် ဒုတိယဗိုလ်ချုပ်ကြီး စမစ်ဒွန်း၊ ဗိုလ်ချုပ်ကြီး နေဝင်း ဦးဆောင်တဲ့ တပ်မတော်ဟာ အသက်၊ သွေး၊ ချွေးများစွာ ပေးဆပ်ကာကွယ်ပေးခဲ့တယ်။ အဲဒီလိုပြည်တွင်းရောင်စုံသောင်းကျန်းသူတွေကို နှိမ်နင်းနေစဉ်မှာပဲ တစ်ပြိုင်တည်း ပေါ်ပေါက်လာတဲ့ တရုတ်ဖြူကူမင်တန်တွေနဲ့ မူဂျာဟစ်ကုလားဆိုးတွေရဲ့ ပြည်ပကျူးကျော်မှု အန္တရာယ်တွေကိုလည်း ဒို့တပ်မတော်က စွန့်လွှတ်စွန့်စားတဲ့စိတ်နဲ့  ကာကွယ်နှိမ်နင်းခဲ့ကြရတယ်။

ဒါ့အပြင် နိုင်ငံတော်အတွက် အန္တရာယ်ကြီးမားတဲ့ အရေးကိစ္စတွေနဲ့ ကြုံတွေ့ခဲ့ရချိန်တိုင်းမှာ တပ်မတော်အနေနဲ့ မှန်ကန်တဲ့ ရပ်တည်ချက်၊ မှန်ကန်တဲ့ အမျိုးသားရေးခံယူချက်တို့နဲ့အတူ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ပေးခဲ့တယ်။ ဒါကြောင့် ဒို့တပ်မတော်အနေနဲ့ ဒို့တာဝန်အရေး (၃) ပါးကို ထိပါးလာမယ့် အန္တရာယ်တွေနဲ့ ရင်ဆိုင်ကြုံတွေ့ရတိုင်း နိုင်ငံတော်နဲ့ပြည်သူတို့ရဲ့ ရှေ့ကနေမားမားမတ်မတ်ရပ်တည်ကာကွယ်ပေးခဲ့သလို နောင်အနာဂတ်ကာလမှာလည်း ဆက်လက် ကာကွယ်စောင့်ရှောက်သွားမှာဖြစ်ကြောင်း ပြောကြားလိုတယ်။

ရဲဘော်တို့

ဒို့နိုင်ငံဟာ လွတ်လပ်ရေးမဆုံးရှုံးခင်ကာလက ဘုရင့်နိုင်ငံအဖြစ် ရပ်တည်လာခဲ့ကြပေမယ့် လွတ်လပ်ရေးရရှိပြီးနောက်ပိုင်းမှာတော့ ပါလီမန်ဒီမိုကရေစီစနစ်အပါအဝင် ပုံစံအမျိုးမျိုးနဲ့ တိုင်းပြည်ကို တည်ဆောက်ခဲ့ကြတယ်။ ဆိုရှယ်လစ်စနစ်နဲ့ တိုင်းပြည်ကို ခိုင်မာတဲ့ ပြည်ထောင်စုနိုင်ငံကြီးအဖြစ် တည်ဆောက်နေခဲ့တဲ့အချိန်မှာလည်း အချို့သော အားနည်းချက်၊ ပြည်တွင်း ပြည်ပက သွေးထိုးလှုံ့ဆော်မှုများကြောင့် ဆူပူမှုအရေးအခင်းများနဲ့ ကြုံတွေ့လာရပြီး ၁၉၈၈ ခုနှစ်မှာ တပ်မတော်က နိုင်ငံတော်တာဝန်အရပ်ရပ်ကို ရယူခဲ့ရတယ်။ အဲဒီအချိန်ကစပြီး ဗိုလ်ချုပ်မှူးကြီး စောမောင်၊ ဗိုလ်ချုပ် မှူးကြီး သန်းရွှေ ဦးဆောင်တဲ့ တပ်မတော်ဟာ အနာဂတ်နိုင်ငံတော် တည်ဆောက်ရေးအတွက် လိုအပ်တဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေခံအုတ်မြစ်တွေကို ချမှတ်ဖော်ဆောင်ပေးခဲ့သလို ပြည်သူများ လိုလားတောင့်တတဲ့ ပါတီစုံဒီမိုကရေစီအုပ်ချုပ်ရေးစနစ်နဲ့ ဈေးကွက်စီးပွားရေးတို့ကို ဖော်ဆောင်ဖို့ မရှိမဖြစ်လိုအပ်တဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုလည်း ရေးဆွဲပြဋ္ဌာန်းခဲ့တယ်။

ရဲဘော်တို့

ဒို့တပ်မတော်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နဲ့အညီ ၂၀၁၀ ပြည့်နှစ်မှာ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး ကျင်းပပြီး ပြည်သူများလိုလားတောင့်တတဲ့ ဒီမိုကရေစီစနစ်ကို ညင်သာငြိမ်းချမ်းစွာ ကူးပြောင်းနိုင်ရေး ဦးစီးဆောင်ရွက်ပေးနိုင်ခဲ့တယ်။ ဒါပေမယ့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ NLD အစိုးရရဲ့ ဆိုးရွားစွာ ပြုလုပ်ခဲ့တဲ့ မဲမသမာမှုတွေကြောင့် ရွေးကောက်ခံကိုယ်စားလှယ်တွေဟာ ဘယ်လိုမှ တရားဝင်ရပ်တည်နိုင်မှုမရှိတဲ့အတွက် ဒို့တပ်မတော်အနေနဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ နိုင်ငံတော်ကို ခေတ္တရယူထိန်းသိမ်းခဲ့ရတယ်။ ဒီလိုထိန်းသိမ်းခဲ့ရခြင်းဟာ တပ်မတော်အနေနဲ့ ပြည်သူအများ လိုလားတောင့်တတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို ကာကွယ်စောင့်ရှောက်ပေးရမယ့်တာဝန်အရ ဆောင်ရွက်ခဲ့ရခြင်းသာဖြစ်တယ်။ လက်ရှိအချိန်မှာ ဒို့တပ်မတော်အနေနဲ့ ပေးထားတဲ့ကတိအတိုင်း ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပခဲ့ပြီးဖြစ်လို့ ဒို့တပ်မတော်အနေနဲ့ ပါတီစုံဒီမိုကရေစီစနစ် ရှင်သန်ခိုင်မာစေရေးအတွက် ရွေးကောက်ပွဲကတစ်ဆင့် အသစ်ပေါ်ထွန်းလာမယ့် အစိုးရသစ်ကို အထောက်အကူပြုဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားလိုတယ်။

ရဲဘော်တို့

နိုင်ငံတစ်နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ အဲဒီနိုင်ငံရဲ့ ရေရှည်အကျိုးစီးပွားကို ဖော်ဆောင်နိုင်ဖို့အတွက် ဖြစ်သင့်ဖြစ်ထိုက်တာတွေကို ဦးတည်ရေးဆွဲပြီး ပြဋ္ဌာန်းရတဲ့ ပင်မဥပဒေတစ်ရပ်ဖြစ်တယ်။ အထူးသဖြင့် နိုင်ငံတစ်နိုင်ငံရဲ့ ပေါ်ပေါက်လာပုံ၊ သမိုင်းကြောင်းနောက်ခံအနေအထား၊ လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေး၊ စီးပွားရေးနဲ့ အခြားအခြေခံအချက်အလက်တွေကို မူတည်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲပြဋ္ဌာန်းရတာဖြစ်တယ်။ ဒို့နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) မှာလည်း တပ်မတော်ရဲ့ အခန်းကဏ္ဍများကို ထည့်သွင်းဖော်ပြထားတာ၊ “ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ဖို့” တပ်မတော်ကို တာဝန်ပေးထားတာတွေဟာ အတိတ်သမိုင်းစဉ်မှာ ကြုံတွေ့ခဲ့ရတဲ့ အားနည်းချက်တွေကို သင်ခန်းစာဖော်ထုတ်ပြီး ဒို့နိုင်ငံရဲ့ ပကတိအရှိတရားအရ မဖြစ်မနေလိုအပ်လို့ ထည့်သွင်းပြဋ္ဌာန်းထားတာဖြစ်တယ်။

ဒါ့အပြင် “နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ဆောင်ရွက်နိုင်ရေးကို အစဉ်တစိုက်ဦးတည်သည်” ဆိုတဲ့အချက်ကို ထည့်သွင်းပြဋ္ဌာန်းထားခြင်းဟာလည်း အဆိုးမြင်ဝါဒီများ လှုံ့ဆော်နေသလို တပ်မတော်ဟာ နိုင်ငံရေးကို ဦးဆောင်နေခြင်းမဟုတ်ဘဲ နိုင်ငံ့အရေးအတွက် အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍမှာ ဒို့နိုင်ငံရဲ့ လိုအပ်ချက်အရ တပ်မတော်အနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ဖို့ ပြဋ္ဌာန်းထားခြင်းဖြစ်တယ်ဆိုတာကို ရဲဘော်တို့အနေနဲ့ သိရှိနားလည်ထားကြရမှာ ဖြစ်တယ်။ အမျိုးသားနိုင်ငံရေးဆိုတာ လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် အဓိကမဏ္ဍိုင်ဖြစ်တဲ့ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဆိုတဲ့ ဒို့တာဝန်အရေး (၃) ပါးအပေါ်မှာ အခြေခံပြီး နိုင်ငံတော်နဲ့ နိုင်ငံသားတို့ရဲ့ အကျိုးစီးပွားကို အစဉ်ရှေးရှုဖော်ဆောင်ဖို့ ရည်ရွယ်တဲ့ ထာဝရတည်မြဲတဲ့နိုင်ငံရေးပဲဖြစ်တယ်။ လွတ်လပ်ရေးနဲ့အတူ ပေါက်ဖွားလာတဲ့ ဒို့တပ်မတော်ရဲ့ခေတ်အဆက်ဆက် အမျိုးသားနိုင်ငံရေးတာဝန်ထမ်းဆောင်မှုဟာ သမိုင်းပေးတာဝန်ဖြစ်တဲ့ ဒို့တာဝန်အရေး (၃) ပါးကို ကာကွယ်ရန်ပဲဖြစ်တယ်။ ဒါကြောင့် ဒို့တပ်မတော်အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနဲ့အညီ နိုင်ငံတော်နဲ့ နိုင်ငံသားများရဲ့အကျိုးကို ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားလိုတယ်။

ရဲဘော်တို့

ဒို့တပ်မတော်ကို အင်အားတောင့်တင်းပြီး တိုက်စွမ်းရည်၊ တိုက်စွမ်းအားရှိတဲ့ ခေတ်မီတပ်မတော်ဖြစ်စေရေးအတွက် ရည်မှန်းချက်ထား ဖွဲ့စည်းတည်ဆောက်လျက်ရှိတယ်။ ဒီလိုတည်ဆောက်တဲ့ နေရာမှာ တိုက်စွမ်းရည်ပြည့်ဝစေဖို့အတွက် လေ့ကျင့်ရေးဟာ အဓိကမဏ္ဍိုင်တစ်ခုဖြစ်တယ်။ ဒါကြောင့် စစ်သည်တစ်ဦးချင်းစီအလိုက် ကျန်းမာကြံ့ခိုင်မှု၊ ကျွမ်းကျင်မှုရှိရမယ့် အရည်အချင်းများနဲ့ တပ်ဖွဲ့တစ်ခုချင်းစီအလိုက် ရှိရမယ့်အရည်အချင်းများ တိုးတက်လာအောင် “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ လေ့ကျင့်မှုတွေကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားကြရမှာဖြစ်တယ်။ တိုက်စွမ်းအား ပြည့်ဝစေဖို့ဆိုရင် ခေတ်မီစစ်လက်နက်ပစ္စည်းများကို တပ်ဆင်ပေးသွားရမှာ ဖြစ်ပြီး ဒီလိုတပ်ဆင်ပေးနိုင်ဖို့အတွက် ပြည်တွင်းမှာပဲ သုတေသနပြုတီထွင်ထုတ်လုပ်လျက်ရှိသလို လိုအပ်တဲ့ ဝယ်ယူဖြည့်တင်းမှုတွေလည်း ပြုလုပ်လျက်ရှိတယ်။          

ရဲဘော်တို့

ဒို့တပ်မတော်ဟာ နိုင်ငံတော်အတွက် အားထားဖွယ်ရာ အဖွဲ့အစည်းအဖြစ် ရပ်တည်နေနိုင်ခြင်းဟာ စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်မှုနဲ့ အမိန့်နာခံတတ်မှုတို့ကြောင့်ဖြစ်တယ်။ ဒို့တပ်မတော် စတင်သန္ဓေတည်ခဲ့တဲ့ BIA လက်ထက် မျိုးချစ်စိတ်ဓာတ် ပြင်းထန်မှု၊ BDA လက်ထက် စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်မှုနဲ့ အမိန့်နာခံတတ်မှုတွေကို စနစ်တကျပေါင်းစပ်ပြီး ပြည်သူလူထုတစ်ရပ်လုံးနဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တာကြောင့် ဖက်ဆစ်တော်လှန်ရေးကြီးကို အောင်မြင်စွာ ဆင်နွှဲနိုင်ခဲ့တာပဲဖြစ်တယ်။ ဒါဟာ ဒို့တပ်မတော်ရဲ့ မှတ်ကျောက်တင်နိုင်ခဲ့တဲ့ အတိတ်သမိုင်းသာဓကတွေပဲ ဖြစ်တယ်။ ဒါကြောင့် ဒို့တပ်မတော်သားအားလုံးအနေနဲ့ အတိတ်သမိုင်းကြောင်းများကို နှံ့စပ်စွာ သိမြင်နားလည်ကာမျိုးချစ် စိတ်ဓာတ်ကို အရင်းခံပြီး စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်တဲ့၊ အမိန့်နာခံတတ်မှုနဲ့ ပြည့်စုံတဲ့ တပ်မတော်တစ်ရပ်ဖြစ်စေရေး ကိုယ်စီကြိုးစား ကျင့်ကြံသွားကြဖို့ တိုက်တွန်းပြောကြားလိုတယ်။

ရဲဘော်တို့

ပြည်ပကျူးကျော်သူတွေနဲ့ ကိုယ်ကျိုးရှာနိုင်ငံရေးအင်အားစုတွေဟာ ဒို့တပ်မတော်ကို ပြိုကွဲအောင်ဖြိုခွဲဖို့အတွက် အတိတ်ကာလမှာ နည်းလမ်းပေါင်းစုံနဲ့ ဆောင်ရွက်ခဲ့ကြသလို လက်ရှိပစ္စုပ္ပန်ကာလမှာလည်း ဆောင်ရွက်နေကြဆဲဖြစ်တယ်။ အဲဒီလို လုပ်ဆောင်မှုတွေ ရှိနေပေမယ့်လည်း “ဘယ်သူခွဲခွဲ ဒို့မကွဲ၊ အမြဲစည်းလုံးမည်”ဆိုတဲ့ တပ်မတော်ရဲ့ ဆောင်ပုဒ်နဲ့အညီ တပ်တွင်းစည်းလုံး ညီညွတ်ရေးကို ပိုမိုကျစ်လျစ်ခိုင်မာအောင် တည်ဆောက်သွားကြရမှာဖြစ်တယ်။

အခြေခံကျတဲ့ တပ်တွင်းစည်းလုံးညီညွတ်ရေးကို ခိုင်မာအောင်တည်ဆောက်ကြရမှာဖြစ်သလို တစ်ဖက်ကလည်းလက်တွေ့ဆန်တဲ့ တပ်ပြင်စည်းရုံးရေးလုပ်ငန်းတွေကိုလည်း အလေးထား လုပ်ဆောင်ကြရမှာဖြစ်တယ်။ ဒီလိုဆောင်ရွက်တဲ့နေရာမှာ ဒို့တပ်မတော်သားတွေအနေနဲ့ “ပြည်သူသာ အမိ၊ ပြည်သူသာအဖ”လို့ သဘောထားပြီး ဆောင်ရွက်သွားကြဖို့ လိုအပ်တယ်။

ရဲဘော်တို့

ဖက်ဒရယ်အရေး၊ ဒီမိုကရေစီအရေးနဲ့ တိုင်းရင်းသားလူမျိုးရေးကို အကြောင်းပြပြီး လက်နက်ကိုင်လမ်းစဉ်ကို မစွန့်လွှတ်လိုတဲ့ အကြမ်းဖက်သမားများဟာ မူးယစ်ဆေးဝါးကုန်သွယ်မှုနဲ့ အဓိကဝင်ငွေရှာဖွေနေကြပြီး Online လိမ်လည်မှုနဲ့ Online လောင်းကစားမှုများအပါအဝင် နိုင်ငံဖြတ်ကျော်မှုခင်းများကိုလည်း ကျူးလွန်လျက်ရှိနေကြတယ်။ ဒီကိစ္စတွေဟာ အကြမ်းဖက်သောင်းကျန်းသူများ သက်ဆိုးရှည်ပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို အန္တရာယ်ပေးနေတာကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အထူးစစ်ဆင်ရေးများနဲ့ တိုက်ဖျက်လျက်ရှိပြီး ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပါ ပူးပေါင်းလက်တွဲတိုက်ဖျက်လျက်ရှိကြောင်း အသိပေးပြောကြားလိုတယ်။

ရဲဘော်တို့      

နိုင်ငံတစ်နိုင်ငံရဲ့ လုံခြုံရေးကဏ္ဍကို အသေးစိတ်လေ့လာကြည့်ရင် အခြေခံအကျဆုံးအချက်ဟာ ပြည်သူတစ်ဦးချင်းစီရဲ့ လူမှုစီးပွားဘဝနဲ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံမှုဖြစ်ကြောင်း တွေ့မြင်ရမှာဖြစ်တယ်။ ပြည်သူ့လုံခြုံရေးစနစ်ရာနှုန်းပြည့် လွှမ်းခြုံနိုင်ဖို့ဆိုရင် ပြည်သူတစ်ဦးချင်းစီတိုင်းမှာ လုံခြုံရေးအသိ၊ လုံခြုံရေးသတိတွေရှိနေဖို့လည်း လိုအပ်တယ်။

ဒို့နိုင်ငံအနေနဲ့လည်း ဖြစ်ပေါ်လာတဲ့ အကြမ်းဖက်ဖြစ်စဉ်များကို တားဆီးနှိမ်နင်းနိုင်ဖို့ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများအလိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကို စနစ်တကျလေ့ကျင့်ဖွဲ့စည်းပြီး ပြည်သူ့လုံခြုံရေး (People Security) လုပ်ငန်းစဉ်တွေကို အရှိန်အဟုန်နဲ့ ဆောင်ရွက်လျက်ရှိတယ်။ ဒီလိုဆောင်ရွက်ရာမှာ နယ်မြေဒေသလုံခြုံရေးအတွက် ပြည်သူ့စစ်နဲ့ တိုင်းပြည်ကာကွယ်ရေးအတွက် ပြည်သူ့စစ်မှုထမ်းစနစ်ကို ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေနဲ့အညီ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိနေတယ်။ ကမ္ဘာမှာ ပြည်သူ့စစ်မှုထမ်းဥပဒေကို ကျင့်သုံးနေတဲ့ နိုင်ငံများရှိနေတာကိုလည်း တွေ့မြင်နိုင်တယ်။ ပြည်သူများအနေနဲ့ ပြည်သူ့လူမှုစီးပွားဘဝ လုံခြုံမှုအပြည့်အဝ ရရှိစေဖို့အတွက် ပြည်သူ့လုံခြုံရေးလုပ်ငန်းစဉ်တွေမှာ စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်သွားကြဖို့ တိုက်တွန်းပြောကြားလိုတယ်။

ရဲဘော်တို့      

ဒို့တာဝန်အရေး (၃) ပါးထဲက တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးဆိုတဲ့ အချက်ဟာ ဒို့နိုင်ငံရဲ့ ပကတိလိုအပ်ချက်ဖြစ်တဲ့ ထာဝရငြိမ်းချမ်းရေးကို ညွှန်းဆိုခြင်းပဲဖြစ်တယ်။ ထာဝရငြိမ်းချမ်းရေးက ထွက်ပေါ်လာတဲ့ ရလဒ်ကောင်းတွေဟာ တပ်မတော်တစ်ရပ်၊ အဖွဲ့အစည်းတစ်ရပ်အတွက် မဟုတ်ဘဲ နိုင်ငံတော်နဲ့ တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးအတွက်ဆိုတာကို လေးလေးနက်နက် သိမြင်ကြဖို့ လိုအပ်တယ်။ ဒါကြောင့် ခေတ် အဆက်ဆက် တိုင်းရင်းသားလက်နက်ကိုင်များနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကိုလည်း ကြိုးစား ဆောင်ရွက်ခဲ့တာ တွေ့ရမှာဖြစ်တယ်။

တပ်မတော်အနေနဲ့ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်မှာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးကို စတင်ထုတ်ပြန်ခဲ့ပြီး တစ်ဖက်သတ်အပစ်အခတ်ရပ်စဲမှုတွေကို လိုက်လျောဆောင်ရွက်ပေးခဲ့တယ်။ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၂ ရက်မှာ“ငြိမ်းချမ်း ရေးကို လက်တွေ့ကျကျ ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ရန်အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးကို မိမိကိုယ်တိုင် တွေ့ဆုံဆွေးနွေးမှုပြုလုပ်သွားမယ်”ဆိုတဲ့ ငြိမ်းချမ်း ရေးမိန့်ခွန်းနှင့်အတူ တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များနဲ့ ကိုယ်တိုင်ကိုယ်ကျ ဆွေးနွေးမှုတွေ ပြုလုပ်နိုင်ခဲ့တယ်။ တွေ့ဆုံဆွေးနွေးမှုများမှ တစ်ဆင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ကို ပြင်ဆင်ဖြည့်စွက်ရန်အတွက် သဘောတူညီချက် ၄၃ ချက်ကို လက်မှတ်ရေးထိုးအတည်ပြုနိုင်ခဲ့တဲ့အပြင် ယခင်အစိုးရများလက်ထက် ငြိမ်းချမ်းရေး ညီလာခံရလဒ်များမှ စုစည်းထားတဲ့ ပြည်ထောင်စုသဘောတူညီချက် (Union Accord) များကို ပြည်ထောင်စုလွှတ်တော်မှာ စုစည်းတင်ပြပြီး ပြင်ဆင်နိုင်ရေး ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားလိုတယ်။

ရဲဘော်တို့      

ဒို့နိုင်ငံအနေနဲ့ နိုင်ငံရေးစနစ်အရ ဒီမိုကရေစီစနစ်ကို ကျင့်သုံးနေတာဖြစ်ပြီး နိုင်ငံတော်ရဲ့ ဖွဲ့စည်းတည်ဆောက်ပုံစနစ်အရ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကြီး ခိုင်မာစေရေးကို ဦးတည်လျှောက်လှမ်းနေတာပဲဖြစ်တယ်။ ဖက်ဒရယ်စနစ်ဆိုတာ လူပုဂ္ဂိုလ်၊ လူမျိုးအတွက် ရည်ညွှန်းတာမဟုတ်ဘဲ ဒေသတစ်ခု၊ နယ်မြေတစ်ခုအပေါ် ရည်ညွှန်းဆောင်ရွက်ရတာဖြစ်တယ်။ ဒို့နိုင်ငံအနေနဲ့ ဖက်ဒရယ်စနစ်ကို ဖော်ဆောင်ကျင့်သုံးရာမှာလည်း ဖြတ်သန်းခဲ့ရတဲ့ သမိုင်းအဆက်ဆက်ရဲ့ အတွေ့အကြုံတွေအရ မိမိတို့နိုင်ငံ နဲ့ကိုက်ညီတဲ့ ဒေသကိုအခြေခံတဲ့ ဖက်ဒရယ်စနစ်ကို ကျင့်သုံးသွားမှာဖြစ်တယ်။

ယခုဆိုရင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကတစ်ဆင့် ပြည်သူ့ဆန္ဒကို လက်တွေ့ကျကျ အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်မယ့် ပြည်သူ့ကိုယ်စားလှယ်တွေ ထွက်ပေါ်ခဲ့ပြီး လွှတ်တော်အသီးသီးရဲ့ အစည်းအဝေးများ စတင်ကျင်းပနေပြီဖြစ်တယ်။ ပြည်သူတစ်ဦးချင်းစီက စက်ခလုတ်နှိပ်ပြီးပေးခဲ့ကြတဲ့ မဲတစ်မဲစီဟာ ပြည်သူတစ်ဦးချင်းစီရဲ့ ဦးနှောက်နဲ့ နှလုံးသားများဖြစ်လို့ ပေါ်ထွက်လာခဲ့တဲ့ ပြည်သူ့ကိုယ်စားလှယ်တွေဟာလည်း နိုင်ငံ့အရေးကို အမြော်အမြင်ရှိရှိ၊ သစ္စာရှိရှိနဲ့ အလေးအနက်ထားကြိုးပမ်းထမ်းရွက်ကြဖို့ လိုအပ်မှာပဲဖြစ်တယ်။

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအနေနဲ့လည်း ခိုင်မာတဲ့အစိုးရတစ်ရပ် ပေါ်ပေါက်ပြီး နိုင်ငံရေးခရီးလမ်းမှာ ခိုင်ခိုင်မာမာလျှောက်လှမ်းနိုင်တဲ့အထိ ဆောင်ရွက်ပေးသွားမှာဖြစ်သလို တပ်မတော်အနေနဲ့လည်း နိုင်ငံ့အရေးအတွက် အမြဲအသင့်ရှိနေမှာဖြစ်ကြောင်း ပြောကြားလိုတယ်။

ရဲဘော်တို့

နိဂုံးချုပ်အနေနဲ့ မှာကြားလိုတာကတော့ ဒို့တပ်မတော်ဟာ ခေတ်အဆက်ဆက် နိုင်ငံတော်နဲ့ ပြည်သူလူထုအကျိုးကို ဦးထိပ်ထားတာဝန်ထမ်းဆောင်ခဲ့တယ်။ လက်ရှိကာလမှာလည်း “ပြည်သူသာအမိ၊ ပြည်သူသာအဖ” ဆိုတဲ့ခံယူချက်နဲ့ နိုင်ငံနဲ့ပြည်သူ့အကျိုးကို ကာကွယ်လျက်ရှိနေတယ်။ နောင်မှာလည်း ပြည်သူကအားကိုးရတဲ့၊ နိုင်ငံတော်က အားထားရတဲ့ ခေတ်မီမျိုးချစ်တပ်မတော်အဖြစ် ခိုင်ခိုင်မာမာရပ်တည်သွားကြပါစို့လို့ ပြောကြားရင်း နိဂုံးချုပ်လိုက်တယ်။
မှီငြမ်း။ ပြန်ကြားရေးဝန်ကြီးဌာန

စက်သုံးဆီများ ဖူလုံစွာရရှိရေးနှင့် သုံးစွဲမှုများ စနစ်တကျဖြစ်စေရေး အစည်းအဝေး ကျင်းပ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြား (၂၄-၆-၂၀၂၆)

စက်သုံးဆီများဖူလုံစွာရရှိရေးနှင့် သုံးစွဲမှုများ စနစ်တကျဖြစ်စေရေးအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ အမှုဆောင်ချုပ် ဦးအောင်လင်းဒွေး၊ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားရာ၌ ယခုလက်ရှိအချိန်တွင် ဖြစ်ပွားလျက်ရှိသည့် အရှေ့အလယ်ပိုင်းဒေသပဋိပက္ခများကြောင့် စက်သုံးဆီများ ရှားပါးမှုကို နိုင်ငံတိုင်းတွင် ကြုံတွေ့နေရပြီး မိမိတို့နိုင်ငံအနေဖြင့်လည်း အဆိုပါအခက်အခဲကို ကျော်လွှားဖြေရှင်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ မကြာမီကာလအတွင်း မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် ကျင်းပချိန်သို့ ရောက်ရှိတော့မည်ဖြစ်ကြောင်း၊ ယခင်နှစ်ကလည်း မန္တလေးငလျင်ကြီးဖြစ်ပေါ်ခဲ့မှုကြောင့် သင်္ကြန်ပွဲတော်ကို အကန့်အသတ်ဖြင့်သာ ကျင်းပရန် မေတ္တာရပ်ခံခဲ့ရကြောင်း၊ ယခုနှစ်တွင်လည်း စက်သုံးဆီကန့်သတ်ချက်များကြောင့် အတာသင်္ကြန်ပွဲတော်ကျင်းပမှုကို အကျပ်အတည်းမဖြစ်စေလိုကြောင်း။

ပြည်တွင်းစက်သုံးဆီသုံးစွဲမှုကို လျှော့ချနိုင်ရန်အတွက် မကြာမီကာလက မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ သုံးစွဲမှုနှင့် ဆီဖြည့်သွင်းမှုကို စုံ/မ အလှည့်ကျစနစ်ဖြင့် ဆောင်ရွက်ခြင်း၊ QR Code များအသုံးပြု၍ ဆီဖြည့်ခြင်းစနစ်များ ကို ဆောင်ရွက်ခဲ့ကြောင်း၊ အလားတူ စက်သုံးဆီသုံးစွဲမှုကို လျှော့ချနိုင်ရေးအတွက် အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း အစိုးရရုံးဌာနများ၏ ရုံးလုပ်ငန်းများကို နေအိမ်မှသာ ဆောင်ရွက်ကြရန် ထုတ်ပြန်ကြေညာထားပြီးဖြစ်ကြောင်း။

အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပွားနေသည့်ပဋိပက္ခသည် အချိန်ကာလအားဖြင့် မည်မျှကြာမြင့်မည်ကို မိမိတို့အနေဖြင့်မသိရှိနိုင်ကြောင်း၊ ထို့ကြောင့် စက်သုံးဆီသုံးစွဲမှုများ လျှော့ချနိုင်ရေးနှင့် အများပြည်သူများ ခရီးသွားလာမှုအဆင်ပြေစေရေးအတွက် မီးရထားများ တိုးချဲ့ပြေးဆွဲခြင်းနှင့် အများပြည်သူသုံး ဘတ်စ်ကားလိုင်းများ ပုံမှန်အတိုင်း ပြေးဆွဲနိုင်ရေးအတွက် စဉ်းစားဆောင်ရွက်သွားကြရန်လိုကြောင်း၊ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးလုပ်ငန်းများနှင့် ခရီးသွားလာမှုများ အဆင်ပြေချောမွေ့စေရေး တတ်နိုင်သမျှ ဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက် ဆွေးနွေးဆောင်ရွက်သွားကြစေလိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသူများက နိုင်ငံအတွင်း ရောက်ရှိပြီးဖြစ်သည့် စက်သုံးဆီများ၏ လက်ကျန်အခြေအနေများ၊ ပြည်ပမှဆီတင်သင်္ဘောများ ထပ်မံရောက်ရှိမည့်အခြေအနေများ၊ ပြည်တွင်းစက်သုံးဆီရှားပါးမှုအခက်အခဲကို ဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက် ပြည်ပနိုင်ငံများမှစက်သုံးဆီများ ဝယ်ယူရရှိနိုင်ရေး စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့် ပြည်တွင်းစက်သုံးဆီသိုလှောင်နိုင်မှုအခြေအနေများ၊ စက်သုံးဆီများကို အမှန်တကယ်အသုံးပြုသည့် ပြည်သူများလက်ဝယ်သို့ စနစ်တကျဖြင့် ရောက်ရှိနိုင်ရေး စီမံဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ အများပြည်သူများ ခရီးသွားလာမှုအဆင်ပြေစေရေးအတွက် မီးရထားခရီးစဉ်များအလိုက် ခရီးစဉ်များ တိုးချဲ့ပြေးဆွဲခြင်းနှင့် ရထားစီးခရီးသည်များ ပိုမိုအဆင်ပြေစွာစီးနင်းလိုက်ပါနိုင်ရေး တွဲပိုများချိတ်ဆက်ပြေးဆွဲခြင်းကို ဆောင်ရွက်ပေးလျက်ရှိမှုအခြေအနေများ၊ ရန်ကုန်မြို့ပတ်ရထားခရီးစဉ်အား စက်ခေါင်းသစ်တပ်ဆင်ထုတ်လုပ်ရေးစက်ရုံ (နေပြည်တော်) မှ ထုတ်လုပ်ထားသည့် ဘက်ထရီလျှပ်စစ်စက်ခေါင်း အသုံးပြုပြေးဆွဲဆောင်ရွက်သွားမည့်အခြေအနေများ၊ ပြည်တွင်းလေယာဉ် ခရီးစဉ်များ ဆက်လက်ပြေးဆွဲနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ စက်သုံးဆီသုံးစွဲမှု လျှော့ချနိုင်ရေးအတွက် ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်များအပေါ် စည်းကမ်းလိုက်နာမှုမရှိသည့် မော်တော်ယာဉ်များနှင့် လိုင်စင်မဲ့မော်တော်ယာဉ်များအား ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ မြန်မာရိုးရာနှစ်သစ်ကူးအတာသင်္ကြန်အား မြို့နယ်များအလိုက် လမ်းလျှောက်သင်္ကြန်ဖြင့် စနစ်တကျ ကျင်းပဆောင်ရွက်သွားရန် လျာထား ဆောင်ရွက်သွားမည့်အခြေအနေများ၊ သင်္ကြန်ပွဲတော်ကာလအတွင်း စက်သုံးဆီသုံးစွဲမှုများပြားမှု မရှိစေရေးအတွက် မော်တော်ယာဉ်သုံးစွဲမှုများကို စနစ်တကျဖြင့် သတ်မှတ်ဆောင်ရွက်သွားသင့်သည့်အခြေအနေများ၊ စက်သုံးဆီရောင်းဝယ်မှုများကို ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်များအပေါ် လိုက်နာမှုမရှိဘဲ ရောင်းဝယ်နေမှုများအား အရေးယူဆောင်ရွက်သွားရန် လိုအပ်မှုအခြေအနေများ၊ လိုင်စင်မဲ့မော်တော်ယာဉ်များအား ဖော်ထုတ်အရေးယူဆောင်ရွက်သွားမည်ဆိုပါက ဆီသုံးစွဲမှုများကို ပိုမိုလျှော့ချသွားနိုင်မည့်အခြေအနေများ၊ စက်သုံးဆီများအား တရားမဝင်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် နေရာဒေသများသို့ ရောက်ရှိမှုမရှိစေရေး စနစ်တကျဖြင့် ကြပ်မတ်ဆောင်ရွက်သွားရန် လိုအပ်လျက်ရှိမှုအခြေအနေများနှင့်ဆောင်ရွက်သွားရန် လိုအပ်လျက်ရှိမှုအခြေအနေများနှင့်ပတ်သက်၍အသီးသီး ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ပြည်တွင်းစက်သုံးဆီသုံးစွဲမှုကို အကောင်းဆုံး စီမံခန့်ခွဲနိုင်ရန်လိုပြီး အရန်စက်သုံးဆီများကို သိုလှောင်ထားရှိနိုင်ရန်နှင့် ချွေတာသုံးစွဲနိုင်ရေး ဆောင်ရွက်သွားကြရန်လိုကြောင်း၊ စက်သုံးဆီများကို အမှန်တကယ်အသုံးပြုသည့် ပြည်သူများလက်ဝယ်သို့ ရောက်ရှိစေရေးနှင့် မှောင်ခိုရောင်းဝယ်မှုများ မရှိစေရေး မသမာမှုပြုလုပ်ရောင်းဝယ်နေမှုများကို ထိထိရောက်ရောက် ဖော်ထုတ်အရေးယူဆောင်ရွက်သွားရန်လိုကြောင်း၊ မိမိတို့နိုင်ငံနှင့်မိတ်ဖက်နိုင်ငံများမှ စက်သုံးဆီများ ဝယ်ယူရရှိနိုင်ရေး ချိတ်ဆက်ကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်း။

မီးရထားခရီးစဉ်များ၊ အဝေးပြေးဘတ်စ်ကားခရီးစဉ်များ အစရှိသည့် အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးလုပ်ငန်းများအတွက် လိုအပ်သည့် စက်သုံးဆီများကို မဖြစ်မနေ ဖြည့်တင်းဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊ မီးရထားခရီးစဉ်များကို နယ်မြေဒေသအခြေအနေများအလိုက် တိုးချဲ့ပြေးဆွဲပေးခြင်းဖြင့် အများပြည်သူများ၏ ခရီးသွားလာမှုနှင့် ကုန်စည်ပို့ဆောင်မှုများကို အစဉ်ပြေချောမွေ့အောင် စီမံဆောင်ရွက် ပေးနိုင်မည်ဖြစ်ကြောင်း၊ ပူတာအို၊ ခန္တီး၊ မြစ်ကြီးနား၊ ဟုမ္မလင်း၊ တာချီလိတ်၊ ကလေး၊ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်၊ မြိတ်၊ ကော့သောင်းစသည့် မော်တော်ယာဉ်ဖြင့် သွားလာရန်ခက်ခဲသည့် မြို့များသို့ လေကြောင်းခရီးစဉ်များကို ဦးစားပေးအနေဖြင့် မဖြစ်မနေပြေးဆွဲပေးသွားရမည်ဖြစ်ကြောင်း၊ အလားတူ အခြားသွားလာရန် ခက်ခဲသည့်ဒေသများသို့လည်း ဒုတိယဦးစားပေးအနေဖြင့် ပြေးဆွဲပေးသွားရန်လိုကြောင်း၊ မြန်မာနှစ်သစ်ကူးအတာသင်္ကြန်ကာလအတွင်း စက်သုံးဆီသုံးစွဲမှု များပြားမှုမရှိစေရေး တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့ကြီးများနှင့် မြို့နယ်များအလိုက် လမ်းလျှောက်သင်္ကြန်အဖြစ် နေရာများသတ်မှတ်၍ ကျင်းပပြုလုပ်သွားမည်ဆိုပါက ပိုမိုသင့်လျော်မည်ဖြစ်ကြောင်း၊ အများပြည်သူ မဖြစ်မနေအသုံးပြုလျက်ရှိသည့် အရေးပေါ်လူနာသယ်ပို့သည့်ယာဉ်များ၊ လူမှုကူညီရေးယာဉ်များအတွက် စက်သုံးဆီဝယ်ယူခွင့်အား ဖြေလျှော့ပေးရန်လို ကြောင်းဖြင့် ဖြည့်စွက်မှာကြားသည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် စက်သုံးဆီရှားပါးမှုကြောင့် သွားလာမှုများခက်ခဲပြီး ကုန်ဈေးနှုန်းများကြီးမြင့်လာနိုင်ကြောင်း၊ မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်သည် ပြည်သူများမျှော်လင့်ထားသည့် မြန်မာ့ရိုးရာပွဲတော်တစ်ခုဖြစ်ခြင်းကြောင့် အများပြည်သူများပျော်ရွှင်စွာဖြင့် ရေသဘင်ဆင်နွဲနိုင်ရေး တာဝန်ရှိသူများအနေဖြင့် စနစ်တကျဖြင့် စီမံဆောင်ရွက်ပေးသွားကြရန်လိုကြောင်း၊ နိုင်ငံတော်အနေဖြင့် ပြည်တွင်းစက်သုံးဆီဖူလုံစွာရရှိစေရေး ဆောင်ရွက်ပေးရန်နှင့် ပြည်သူများအနေဖြင့် အကုန်အကျအသက်သာဆုံးဖြင့် သုံးစွဲနိုင်ရေး ဆောင်ရွက်ပေးသွားကြရန်လိုကြောင်း၊ စက်သုံးဆီဈေးနှုန်းကြောင့် သွားလာမှုစရိတ်များ မြင့်မားလာမှုမရှိစေရေး ဆောင်ရွက်ပေးရန်လိုကြောင်း၊ တပ်မတော်အနေဖြင့်လည်း ပြည်သူများသွားလာမှု အဆင်ပြေစေရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ ပြည်တွင်းစက်သုံးဆီဖူလုံမှုရှိစေရေးအတွက် နည်းလမ်းမျိုးစုံအသုံးပြု၍ ဖြည့်ဆည်းဆောင်ရွက်သွားကြရန်လိုကြောင်းဖြင့် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
မှီငြမ်း။ ပြန်ကြားရေးဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ထံမှ (၅၂) နှစ်မြောက် မွန်ပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ (၁၉-၃-၂၀၂၆)

ချစ်ကြည်လေးစားအပ်ပါသော မွန်ပြည်နယ်အတွင်းရှိ တိုင်းရင်းသား မိဘပြည်သူညီအစ်ကိုမောင်နှမများခင်ဗျား

ယနေ့ ၂ဝ၂၆ ခုနှစ်၊ မတ်လ ၁၉ရက်နေ့တွင် ကျရောက်သည့် (၅၂) နှစ်မြောက် မွန်ပြည်နယ်နေ့ နေ့ထူးနေ့မြတ်အခါသမယ၌ မွန်ပြည်နယ်နှင့် ဒေသအသီးသီးရှိ မွန်တိုင်းရင်းသားသွေးချင်းညီအစ်ကိုမောင်နှမများအပါအဝင် နိုင်ငံတစ်ဝန်းရှိ ပြည်ထောင်စုဖွား တိုင်းရင်းသားပြည်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပါစေကြောင်းနှင့် ကောင်းကျိုးလိုအင်ဆန္ဒများ ပြည့်ဝကြပါစေကြောင်း ဆုမွန်ကောင်းတောင်း မေတ္တာပို့သအပ်ပါသည်။

မွန်ပြည်နယ်နေ့သည် ပြည်ထောင်စုဖွား မွန်တိုင်းရင်းသားတို့အတွက် ထူးခြားလေးနက်သော ဝိသေသများနှင့် ပြည့်စုံပြီး ဂုဏ်ယူဖွယ်ရာ မင်္ဂလာရှိသော နေ့တစ်နေ့ဖြစ် ပါသည်။

မွန်ပြည်နယ်သည် မြန်မာနိုင်ငံအောက်ပိုင်း ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးကြားတွင် တည်ရှိပါသည်။ မွန်တိုင်းရင်းသားများ၏ ရှေးအမည်မှာ မွန်ဘာသာဖြင့် “ရမန်” ဖြစ်ပြီး အဆင့်ဆင့်ပြောင်းလဲရာမှ “မွန်” ဟု ခေါ်ခဲ့ကြောင်း သမိုင်းအထောက်အထားများအရ သိရပါသည်။

မွန်လူမျိုးများ စတင်နေထိုင်ခဲ့ရာ “ရာမည” ဒေသဆိုသည်မှာ ပျော်မွေ့ဖွယ်ကောင်းသော အရပ်ဒေသဟု အဓိပ္ပာယ်ရပါသည်။ ရှေးယခင်က ယခုမွန်ပြည်နယ်ဟု သတ်မှတ်ခြင်းမရှိမီက မွန်ပြည်နယ်အဖြစ် ဖွဲ့စည်းထားသော နယ်မြေသည် တနင်္သာရီတိုင်းအတွင်း ပါဝင်ခဲ့သည်။

မွန်ပြည်နယ် သီးသန့်ရရှိစေရေးအတွက် ရာမညတိုင်းလုံးဆိုင်ရာ မွန်အသင်း၊ မွန်တိုင်းရင်းသားအစည်းအရုံး၊ မွန်အမျိုးသားအဖွဲ့စသည့် မွန်အဖွဲ့အစည်းပေါင်းစုံတို့က မွန်တိုင်းရင်းသားမျိုးနွယ်စု၊ မွန်စာပေနှင့် ကိုယ်ပိုင်ယဉ်ကျေးမှု ထိန်းသိမ်းစောင့်ရှောက်နိုင်ရန်နှင့် ပိုမိုကျယ်ပြန့်စွာဆောင်ရွက်နိုင်ရန် အတူတကွကြိုးပမ်းတောင်းခံခဲ့ရာ ၁၉၇၄ ခုနှစ်၊ ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအရ တနင်္သာရီတိုင်း အမှတ် (၁) ကို မွန်ပြည်နယ်အဖြစ် သတ်မှတ်ပေးခဲ့ပါသည်။

ထိုသို့ နိုင်ငံတော်အစိုးရမှ ပြည်နယ်တစ်ခုအဖြစ် သတ်မှတ်ပေးပြီးနောက် မွန်ပြည်နယ်နေ့အထိမ်းအမှတ်နေ့အဖြစ် ကျင်းပသတ်မှတ်နိုင်ရန်အတွက် မွန်ပြည်နယ်အတွင်းရှိ မွန်တိုင်းရင်းသားလူမျိုးများက ၁၉၇၄ ခုနှစ်၊ မတ်လ (၁၉) ရက်နေ့တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) တင်သည့်နေ့ကို မွန်ပြည်နယ်နေ့အဖြစ် သတ်မှတ်ခဲ့ကြပြီး အထိမ်းအမှတ် အခမ်းအနားများကို နှစ်စဉ်စည်ကားသိုက်မြိုက်စွာ ကျင်းပလာခဲ့ရာ ယခု ၂၀၂၆ ခုနှစ်တွင် (၅၂) နှစ်တိုင် ရောက်ရှိခဲ့ပြီးဖြစ်ပါသည်။

မွန်ပြည်နယ်အတွင်းတွင် မွန်နှင့် ဗမာလူမျိုးအများဆုံးနေထိုင်လျက်ရှိပြီး ကရင်၊ ရှမ်း၊ ပအိုဝ်း စသည့်တိုင်းရင်းသားများလည်း အတူတကွ ချစ်ကြည်အေးချမ်းစွာ နေထိုင်လျက်ရှိပါသည်။ မွန်တိုင်းရင်းသားများသည် မြန်မာနိုင်ငံအတွင်းသို့ အစောဆုံးရောက်ရှိနေထိုင်ခဲ့သော လူမျိုးများတွင်ပါဝင်ပြီး ယဉ်ကျေးမှုအဆင့်အတန်းမြင့်မားခဲ့ကြောင်းနှင့် ဗုဒ္ဓဘာသာကို ဦးဦးဖျားဖျားရရှိခဲ့ကြောင်း ရှေးဟောင်းမွန်ကျောက်စာများနှင့် စာပေအထောက်အထားများစွာက သက်သေခံလျက်ရှိပါသည်။

မွန်ပြည်နယ်အား ခရိုင် (၂) ခရိုင်၊ မြို့နယ် (၁၀) မြို့နယ်ဖြင့် ဖွဲ့စည်းထားရှိရာမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူပြီးနောက် (၃၀-၄-၂၀၂၂) ရက်နေ့မှစ၍ ခရိုင် (၂) ခရိုင် ထပ်မံတိုးချဲ့ပြင်ဆင်ဖွဲ့စည်းခဲ့သဖြင့် စုစုပေါင်းခရိုင် (၄) ခရိုင်၊ မြို့နယ် (၁၀) မြို့နယ်တို့နှင့် တည်ငြိမ် အေးချမ်းရေး၊ စီးပွားရေး၊ လူမှုရေးစသည့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးတို့ကို တိုးမြှင့်အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိပါသည်။

မွန်ပြည်နယ်သည် ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်တွင် တည်ရှိသော ပြည်နယ်တစ်ခုဖြစ်သည့်အပြင် ကုန်ပစ္စည်းကူးသန်းရောင်းဝယ်ရေးအတွက် ကောင်းမွန်သော ဆက်သွယ်ရေးလမ်းကြောင်းနှင့် အရေးပါသော ဗဟိုဆိပ်ကမ်းနေရာတစ်ခုလည်း ဖြစ်ပါသည်။ ထို့အပြင် ရာသီဥတုမျှတကောင်းမွန်ပြီး ရှုမောဖွယ်ရာ တောတောင်မြစ်ချောင်းများ၊ စိမ်းလန်းစိုပြည်သော သစ်တောများ၊ သဘာဝရေမြေသယံဇာတများ၊ ဒေသထွက်သစ်သီးဝလံများ ပေါများဖြစ်ထွန်းကြွယ်ဝလျက် ရေခံမြေခံကောင်းမွန်သော ပြည်နယ်တစ်ခုလည်း ဖြစ်ပါသည်။

ဘာသာ၊ သာသနာနှင့်ပတ်သက်၍လည်း မွန်ပြည်နယ်တွင် ထူးခြားထင်ရှားသော ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးအပါအဝင် ကျိုက်ပေါလောမှဲ့ရှင်တော်ဘုရား၊ ဆံတော်ရှင်ကျိုက်သလ္လံစေတီတော်မြတ်ကြီး၊ ကျိုက်မရောဆုတောင်းပြည့်ဘုရား၊ ကျိုက္ခမီရေလယ်ဘုရားစသည့် သမိုင်းဝင်တန်ခိုးကြီး ဘုရားစေတီများစွာတို့ဖြင့် သာသနာ့ဂုဏ်ရောင် ထွန်းလင်းတောက်ပလျက်ရှိပါသည်။ သာသနာပြုပုဂ္ဂိုလ်များနှင့် ရှင်အရဟံမထေရ်မြတ်ကြီးတို့၏ ကြိုးပမ်းအားထုတ်ခဲ့မှုများကြောင့် စစ်မှန်သော ထေရဝါဒဗုဒ္ဓသာသနာတော် ထွန်းကားပြန့်ပွားရာ နေရာဒေသဖြစ်ခဲ့သည်ကိုလည်း သမိုင်းမှတ်တမ်းများအရ အထင်အရှားတွေ့မြင်ရသည်မှာ ဂုဏ်ယူဖွယ်ရာ ဖြစ်ပါသည်။

ချစ်ခင်လေးစားအပ်ပါသော တိုင်းရင်းသားမိဘပြည်သူညီအစ်ကိုမောင်နှမများခင်ဗျား

ယနေ့အချိန်အခါတွင် မိမိတို့နိုင်ငံသည် ပြည်သူများ၏ လိုလားချက်နှင့်အညီ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်းဟူသည့် လောကပါလတရားများထွန်းကားရာ ဒီမိုကရေစီစနစ်ကို ကျင့်သုံးသည့် နိုင်ငံအဖြစ်သို့ လျှောက်လှမ်းနေချိန်ဖြစ်ပါသည်။ ဒီမိုကရေစီနိုင်ငံ ထူထောင်ရာတွင် နိုင်ငံသားအားလုံးအနေဖြင့် စည်းလုံးညီညွတ်ခြင်း၊ စည်းကမ်းရှိခြင်း၊ တရားဥပဒေကို လေးစားလိုက်နာခြင်းနှင့် အသိဉာဏ်ပညာပြည့်ဝခြင်းတို့သည် မရှိမဖြစ် လိုအပ်မည်ဖြစ်ပါသည်။

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ဦးတည်ချက်နှင့်အညီ ပြည်သူများလိုလားသည့် ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းနိုင်ရန်အတွက် လွတ်လပ်၍ တရားမျှတမှုအပြည့်ရှိသော ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အပိုင်း (၃) ပိုင်းခွဲ၍ အောင်မြင်စွာ ကျင်းပပေးခဲ့ပြီးဖြစ်ပါသည်။ ၂၀၂၆ ခုနှစ်၊ မတ်လ (၁၆) ရက်နေ့တွင် ပြည်သူ့လွှတ်တော်၊ မတ်လ (၁၈) ရက်နေ့တွင် အမျိုးသားလွှတ်တော်တို့ကို ခေါ်ယူကျင်းပလျက်ရှိပြီး နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာလုပ်ငန်းများအပါအဝင် လွှတ်တော်အစည်းအဝေးများကို အစီအစဉ်အတိုင်း ဆောင်ရွက်လျက်ရှိရာ မကြာမီကာလအတွင်း နိုင်ငံတော်သမ္မတအသစ် ဦးဆောင်သည့် ပြည်ထောင်စုအစိုးရအဖွဲ့တစ်ရပ် ပေါ်ပေါက်လာတော့မည်ဖြစ်ပါသည်။

ချစ်ခင်လေးစားအပ်ပါသော တိုင်းရင်းသားမိဘပြည်သူညီအစ်ကိုမောင်နှမများခင်ဗျား

နိုင်ငံတော်၏လုပ်ငန်းစဉ်များ အချိန်တိုအတွင်း ထိရောက်အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ကဏ္ဍပေါင်းစုံ၊ ဘက်ပေါင်းစုံမှ အသိပညာရှင် အတတ်ပညာရှင်များ၊ တိုင်းရင်းသားပြည်သူများက ထွက်ပေါ်လာမည့် နိုင်ငံတော်အစိုးရအသစ်နှင့်အတူ စည်းလုံးညီညွတ်စွာဖြင့် တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်ကြရန် အလေးအနက်ထား တိုက်တွန်းမှာကြားလိုပါသည်။

နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် အဓိကကျပြီး အခြေခံလိုအပ်ချက်ဖြစ်သော ပညာရေး၊  ကျန်းမာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လမ်းပန်းဆက်သွယ်မှု တိုးတက်စေရေးစသည့်လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ ကုန်ထုတ်လုပ်ငန်းများကို ဆောင်ရွက်ရာတွင် အခြေခံအကျဆုံး ဖြစ်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းများကို တိုးတက်အောင်မြင်မှုရရှိစေရန် မဖြစ်မနေဆောင်ရွက်ရမည် ဖြစ်ပါသည်။

ယခုနှစ် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကို နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ်အပါအဝင် ပြည်နယ် နှင့်တိုင်းဒေသကြီးအသီးသီးမှ တိုင်းရင်းသားစီးပွားရေးလုပ်ငန်းရှင်များ ပါဝင်ပြသရောင်းချခဲ့ကြပါသည်။ စီးပွားရေးဖွံ့ဖြိုးမှုသက်သက်သာမက ဒေသအသီးသီးမှ လုပ်ငန်းရှင်အချင်းချင်း ချစ်ခင်ရင်းနှီးမှု၊ စည်းလုံးညီညွတ်မှု၊ ရိုင်းပင်းကူညီမှု၊ ရိုးရာဓလေ့ ယဉ်ကျေးမှုများ၊ ဗဟုသုတများ ဖလှယ်ရရှိမှု၊ ဈေးကွက်ချိတ်ဆက်နိုင်မှု၊ ပြည်တွင်းထုတ်ကုန်များကို တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် တိုးတက်ထုတ်လုပ်နိုင်ခြင်းအားဖြင့် ပြည်ပဈေးကွက်သို့ ထိုးဖောက်နိုင်မည့် အကျိုးကျေးဇူးများ ရရှိခဲ့ကြပါသည်။ ရေခံမြေခံ ကောင်းမွန်ပြီး သဘာဝအရင်းအမြစ်များ ကြွယ်ဝသော မွန်ပြည်နယ်အနေဖြင့် စိုက်ပျိုးမွေးမြူရေးနှင့်ကုန်ထုတ်လုပ်မှုကဏ္ဍကို တိုးမြှင့်နိုင်မည်ဆိုပါက ဒေသခံပြည်သူများ၏ ဝင်ငွေတိုးတက်စေမည်ဖြစ်ပြီး ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်ကာ လူမှုစီးပွားဘဝ ယခုထက်ပိုမို၍ တိုးတက်လာမည်ဖြစ်ပါသည်။ ထို့ကြောင့် အဆိုပါလုပ်ငန်းများကို နည်းပညာနှင့်ပေါင်းစပ်ပြီး တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်အောင် အလေးထား ဆောင်ရွက်ပေးကြရန် တိုက်တွန်းမှာကြားလိုပါသည်။

ချစ်ခင်လေးစားအပ်ပါသော တိုင်းရင်းသားမိဘပြည်သူညီအစ်ကိုမောင်နှမများခင်ဗျား

ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံတော်အစိုးရအနေဖြင့် အသိဉာဏ်ပညာပြည့်ဝပြီး ဗလငါးတန်နှင့်ပြည့်စုံသည့် လူ့ဘောင်အသိုက်အဝန်း ထွန်းကားရေးအတွက် ပညာရေးနှင့်ပတ်သက် ၍ KG+9 အထိ မသင်မနေရ သတ်မှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေရာခိုင်နှုန်း မြင့်မားရေး၊ ကျောင်းသား၊ ကျောင်းသူများကို အတန်းပညာတတ်မြောက်စေရေး၊ တန်းစဉ်ကူးပြောင်းနှုန်း မြင့်မားရေးနှင့် အတန်းပညာမှ အသိပညာသို့ ပြောင်းလဲတိုးတက်နိုင်ရေးတို့ကို အလေးထားဆောင်ရွက်ပေးကြပါရန် တိုက်တွန်းအပ်ပါသည်။

ယနေ့အချိန်တွင် အနာဂတ်အင်အားများဖြစ်သည့် လူငယ်များကို ကိုယ်ရည်ကိုယ်သွေး၊ ကိုယ်စွမ်းကိုယ်စများ မြှင့်တင်ကာ ဘက်စုံထူးချွန်ထက်မြက်သည့် လူကောင်းလူတော်များဖြစ်အောင် ပြုစုပျိုးထောင်ပေးရန် လိုအပ်ပါသည်။ ထို့ပြင် လူငယ်လူရွယ်များ၏ အကျင့်စာရိတ္တကောင်းမွန်စေရေး၊ တိုင်းချစ်၊ ပြည်ချစ်စိတ်များရရှိပြီး နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်လိုစိတ်နှင့် တိုင်းပြည်၏ ဂုဏ်ကို မြှင့်တင်လိုစိတ်များ ဖြစ်ပေါ်စေရေးအတွက် စနစ်တကျ လေ့ကျင့်ပျိုးထောင်ရန် လိုအပ်မည်ဖြစ်ပါသည်။

ခေတ်အဆက်ဆက်ဖြစ်ပေါ်ခဲ့သည့် ပြည်တွင်းပဋိပက္ခများနှင့် နိုင်ငံတည်ငြိမ်အေးချမ်းမှုအားနည်းချက်သည် သက်ဆိုင်သူများ၏ ပညာရေးအားနည်းမှုများကြောင့်ဖြစ်သည်ဟု သုံးသပ်နိုင်ပါသည်။ အသိပညာအားနည်းပါက အဖျက်အမှောင့်သမားများ၏ သွေးထိုး လှုံ့ဆော်မှုများအပေါ် စဉ်းစားတွေးခေါ်ဆင်ခြင်မှုများမရှိဘဲ လိုက်ပါလုပ်ဆောင်ကြခြင်းကြောင့် နိုင်ငံတည်ငြိမ်ရေးကို ပျက်ပြားစေမည်သာဖြစ်ပါသည်။ နိုင်ငံတော်အနေဖြင့် တိုင်းရင်းသား ဒေသများအပါအဝင် တစ်နိုင်ငံလုံး ပညာသင်ယူနိုင်မှုအခွင့်အလမ်းကွာခြားမှုမရှိစေရေး အလေးထား မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိပါသည်။

ထို့ကြောင့် မွန်ပြည်နယ်အနေဖြင့်လည်း ပညာရေးကဏ္ဍ မြှင့်တင်မှုကို ရည်မှန်းချက်များနှင့်အတူ တိုးတက်အောင်မြင်အောင် ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားလိုပါသည်။

ချစ်ခင်လေးစားအပ်ပါသော တိုင်းရင်းသားမိဘပြည်သူ ညီအစ်ကိုမောင်နှမများခင်ဗျား

ကျန်းမာရေးကဏ္ဍအနေဖြင့်လည်း နိုင်ငံသားတိုင်း အခြေခံကျန်းမာရေးစောင့်ရှောက်မှုများ လက်လှမ်းမီရရှိရေးအတွက် ဆေးရုံများတွင် ဆေးဝါးနှင့် ပစ္စည်းကိရိယာများ ပြည့်စုံအောင် ဖြည့်ဆည်းပေးခြင်း၊ အခမဲ့ဆေးဝါးကုသခွင့်များ ဆောင်ရွက်ပေးခြင်း၊ ကျန်းမာရေးဝန်ထမ်းများ ခန့်ထားပေးခြင်းတို့ကို နိုင်ငံတော်မှ အစဉ်တစိုက် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါသည်။

နိုင်ငံတော်အစိုးရက နိုင်ငံသားတိုင်းလူမှုစီးပွားဘဝ တိုးတက်မြင့်မားရေးအတွက် သယ်ယူပို့ဆောင်ရေး အဆင့်မြှင့်တင်ခြင်းအနေဖြင့် မွန်ပြည်နယ်၏ လမ်းပန်းဆက်သွယ်ရေးမှအစ အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်တွင်းပြည်ပ ကုန်စည်စီးဆင်းမှုအတွက် အဓိကကျသည့် တံတားနှစ်စင်းဖြစ်သည့် ဂျိုင်း (ဇာသပြင်) တံတားသစ်နှင့် အတ္ထရံတံတားသစ် (၂) စင်းကိုလည်း ယခု မတ်လ (၈) ရက်နေ့တွင် ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ပါသည်။ အဆိုပါတံတား (၂) စင်း ဖွင့်လှစ် ပေးနိုင်ခြင်းကြောင့် မော်လမြိုင်အထူးစီးပွားရေးဇုန်နှင့် ထားဝယ်ရေနက်ဆိပ်ကမ်းသို့လည်းကောင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့မှ မြန်မာနိုင်ငံတစ်ဝန်းလုံးသို့လည်းကောင်း ပိုမိုလွယ်ကူအဆင်ပြေစွာ သွားလာနိုင်မည်ဖြစ်ပြီး ပြည်တွင်းပြည်ပ ကုန်စည်စီးဆင်းမှု လျင်မြန်စေမည် ဖြစ်ပါသည်။

နိဂုံးချုပ်အနေဖြင့် တိုက်တွန်းမှာကြားလိုသည်မှာ သမိုင်းကြောင်းသင်ခန်းစာများအရ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းပြည်တည်ငြိမ်အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် အလွန်ပင်အရေးကြီးလှပါသည်။ လက်နက်ကိုင်ပဋိပက္ခများနှင့် အကြမ်းဖက်ဆူပူမှုများ ချုပ်ငြိမ်းပြီး တိုင်းရင်းသားပြည်သူအားလုံးသည် ပြည်ထောင်စုအတွင်း စိတ်ချမ်းသာစွာ နေထိုင်နိုင်ရေးအတွက် ငြိမ်းချမ်းရေးနှင့် စည်းလုံးညီညွတ်ရေးမှာ အလွန်အရေးကြီးလှပါသည်။ တိုင်းရင်းသားပြည်သူအားလုံး လိုလားသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ရာတွင် မွန်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအနေဖြင့်လည်း ပြည်ထောင်စုစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်ကို အခြေခံ၍ ပြည်နယ်သူ ပြည်နယ်သားများ၏အကျိုးစီးပွားနှင့် နိုင်ငံနှင့် ပြည်သူအားလုံးတို့၏ ကောင်းကျိုးကို ထမ်းဆောင်နိုင်သူများဖြစ်ကြပါစေကြောင်း တိုက်တွန်းမှာကြားလိုပါသည်။ ထို့ပြင် မွန်ပြည်နယ်နှင့် မွန်တိုင်းရင်းသားများအားလုံး အစဉ်ထာဝရ အေးချမ်းသာယာ ပျော်ရွှင်ချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း (၅၂) နှစ်မြောက် မွန်ပြည်နယ်နေ့ကို ဂုဏ်ပြုသဝဏ်လွှာပေးပို့အပ်ပါသည်။

ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ

သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်

ယာယီသမ္မတ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဥက္ကဋ္ဌ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်

နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ (၁၉-၃-၂၀၂၆)

နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် General Ukris Boontanondha ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကော်မရှင်အတွင်းရေးမှူး ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ပူးတွဲစစ်ဦးစီးချုပ် General Chitchanok Nujjaya နှင့် ထိုင်းဘုရင့်တပ်မတော်မှ အဆင့်မြင့်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းဘုရင့်ကြည်းတပ်စစ်သံမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့ တွေ့ဆုံဆွေးနွေးစဉ် နှစ်နိုင်ငံနှင့် တပ်မတော်နှစ်ရပ်အကြား ရှည်ကြာပြီး ကောင်းမွန်သည့် သံတမန်ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးသည့် ပူးပေါင်းဆောင်ရွက်မှုများရှိသည့်အခြေအနေများ၊ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ရေး၊ ဒေသတွင်းတည်ငြိမ်အေးချမ်းရေးနှင့် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသမှတစ်ဆင့် တရားမဝင် ကုန်သွယ်မှုများမရှိစေရေးနှင့် မူးယစ်ဆေးဝါးများ တားဆီးနှိမ်နင်းရေး၊ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုများကို လျှော့ချနိုင်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် တပ်မတော်နှစ်ရပ်အကြား လေ့ကျင့်ရေးဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ အွန်လိုင်းငွေကြေးလိမ်လည်မှုများအား ထိထိရောက်ရောက်ဟန့်တား ရှင်းလင်းနိုင်ရေး ပူးပေါင်းဆောင်ရွက်ရန်ကိစ္စရပ်များ၊ မြန်မာ-ထိုင်း တပ်မတော်နှစ်ရပ်အကြား အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး (HLC) ကျင်းပပြုလုပ်သွားမည့်အခြေအနေများ၊ မြန်မာနိုင်ငံတွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ၊ သန့်ရှင်းသည့်ရွေးကောက်ပွဲ၊ သိက္ခာရှိသည့်ရွေးကောက်ပွဲအဖြစ် အောင်မြင်စွာဖြင့် ကျင်းပပြုလုပ်နိုင်ခဲ့ပြီး ယခုအခါ လွှတ်တော်အစည်းအဝေးများ ကျင်းပပြုလုပ်လျက်ရှိမှုအခြေအနေများ၊ ထိုင်းနိုင်ငံတွင်လည်း မကြာမီကာလအတွင်းက ရွေးကောက်ပွဲကျင်းပပြုလုပ်ခဲ့ပြီး ယခုအခါ လွှတ်တော်ကျင်းပလျက်ရှိမှုအခြေအနေများ၊ မြန်မာ - ထိုင်း နှစ်နိုင်ငံနှင့် တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုများကို ယခုထက်ပိုမိုတိုးတက်အောင် ဆက်လက်ဆောင်ရွက်သွားမည့်အခြေအနေများနှင့်ပတ်သက်၍ ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ပြီး တက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင် စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။
မှီငြမ်း။ ပြန်ကြားရေးဝန်ကြီးဌာန

နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ (၁၉-၃-၂၀၂၆)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ ဆော်ဒီအာရေဗျနိုင်ငံ သံအမတ်ကြီး H.E. Mr. Maziad Mohammed M Al Howishan က ၅-၃-၂၀၂၆ ရက် နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ ၎င်း၏သံအမတ်ခန့်အပ်လွှာကို ပေးအပ်သည်။

ထို့နောက် မြန်မာနိုင်ငံနှင့် ဆော်ဒီအာရေဗျ နှစ်နိုင်ငံတို့အကြား ရှည်လျားခိုင်မာသည့် သံတမန်ဆက်ဆံရေးရှိမှုနှင့် ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ခိုင်မာလျက်ရှိမှုအခြေအနေများ၊ နှစ်နိုင်ငံအကြား ထိတွေ့ဆက်ဆံမှုများ တိုးမြှင့်ဆောင်ရွက်သွားမည့်အခြေအနေများ၊ နှစ်နိုင်ငံအကြားရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဆောင်ရွက်ရေးနှင့် ကုန်သွယ်မှုမြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်သည့်အခြေအနေများ၊ မြန်မာနိုင်ငံတွင် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့မှုနှင့် မကြာမီကာလအတွင်း လွှတ်တော်ခေါ်ယူဆောင်ရွက်သွားမည့်အခြေအနေများနှင့် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ ယခုထက်ပိုမို တိုးတက်အောင်ဆောင်ရွက်သွားမည့် အခြေအနေများနှင့်ပတ်သက်၍ ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံဆိုင်ရာ ဆော်ဒီအာရေဗျနိုင်ငံသံအမတ်ကြီးတို့သည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

အဆိုပါသံအမတ်ခန့်အပ်လွှာပေးအပ်ပွဲသို့ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသက်ထွန်းတို့ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

မှီငြမ်း။ ပြန်ကြားရေးဝန်ကြီးဌာန